Saturday, June 5, 2010

လမင်းရစ်သမ် vs ပြန်တေး


လမင်းရစ်သမ် vs ပြန်တေး

အိပ်မက်ခိုးတို့ 
တိုးဝင်နစ်မျော
ငါ့ရဲ့ ညမှာ
နင့်ရဲ့ အလင်းသာ
ဖြာဝေခဲ့တယ်။

လရောင်နဲ့  မျက်နှာသစ်ရင်း
ညနေကြယ်ကို သက်သေထူ
ငါဟာ
နင့်လက်သူကြွယ်မှာ
လက်စွပ်တကွင်းကို
ဆင်မြန်းပေးချင်သူပါ။

ငါ့ကဗျာလေးတွေ
မျောလွင့်ပျောက်ဆုံး
အဘယ်သို့ သောတိမ်များ
ဖုံးထားပါလိမ့်.........

ရူးတယ်လို့ 
ပြောရင်လည်း ပြောစေတော့
နင့်ကိုဖုံးအုပ်မယ့်
တိမ်ခိုးတစ်အုပ်
ငါ......
ဖယ်ထုတ်ခဲ့တယ်
သူရဲကောင်းတော့
မဖြစ်ခဲ့ပါဘူး။

ငါ့ရာဇ၀င် တပိုင်းတစ
ဟိုးခပ်လှမ်းလှမ်းမှာ
ခလုတ်တိုက် ကျန်ရစ်
အသေချာဆုံးပြောနိုင်တာ
နင့်ကိုငါ အရမ်းချစ်တယ်။

ဟုတ်တော့လည်း ဟုတ်ပါတယ်
ငါဟာ
နင်ငါ့ကို မုန်းတဲ့ညထက်
ကဗျာပျောက်ဆုံးရာညကိုသာ
ပိုပြီးသတိရနေမိတာကိုး.....

ခွဲခွါခြင်းဟာ
အပြာရောင်ဖန်ဆင်း
ငါနဲ့ လမင်း
ကွေကွင်းစေတယ်။

အန္ဓတို့ ရဲ့ လမ်းအိုပေါ်မှာ
တစ်ယောက်တည်းလျှောက်ရင်း
ကောင်းကင်မှခြွေချသော
ရေတပေါက်
ငါသောက်ခဲ့တယ်။

အလင်းမဲ့ညရဲ့  မွန်းတည့်ချိန်မှာ
လမင်းအတွက် ဂစ်တာတီးရင်း
အလွမ်းသံစဉ်တို့  ကြိုးပြတ်ကြေမွ
အဲဒါသာငါ့ရဲ့  ကဗျာကြွေညဖြစ်လေရဲ့ ။

ကျိန်စာအိုရဲ့ 
့နှင်းမှုံတို့ ကြား
ဝေရီမောလှိုက်
ငါဟာ
အလွမ်းတို့ ရဲ့ 
့လူမိုက်သာဖြစ်တယ်။

ကွာဝေးခြင်းရဲ့  အဆုံးတဖက်
ဘာများကျန်ရစ်ဦးမလဲ
မေးကြည့်တော့
ခပ်ဆွေးဆွေး ဗီးနပ်စ်လည်း
မှုံရီဝေနွဲ့ 
တွေဝေဖူးလေရဲ့ .......

တစ်........
နှစ်........
သုံး........
ငါဟာ
ကြေကွဲစွာ အဆုံးသတ်ခဲ့တယ်။

အဝေးကလမင်းရေ
မြူတို့ သောင်သောင်းဖြဖြ
ဝေတဲ့ည
ကဗျာကိုခြုံပြီး
အစွမ်းကုန်
လွမ်းလိုက်ချင်ရဲ့ ........။

မှော်ဆရာ
..........................................................

လမင်းရစ်သမ် ပြန်တေး

နတ်တို့ရဲ့ တိုးသက်သက်ကြွေမှုနဲ့
လမင်းတို့ရဲ့ ငြိမ်းချမ်းမှုကို ယှက်ဖြာ
ဒီညမှာ ငါအစွမ်းကုန် လင်းပစ်လိုက်မယ် ..။

တိတ်တဆိတ်ညမှာ
လေပြေဂီတနဲ့ နတ်သမီးအကကြား
ငေးဝေမိန်းမူးနေတဲ့ ငါ့ရဲ့လက်သူကြွယ်မှာ
ဆင်မြန်းဖို့ လက်စွပ်တစ်ကွင်း
မင်းဆီက လိုချင်နေရဲ့ …။

မိုးပေါ်မှာ ပြေးလွှားဆော့ကစား
ချစ်သောတိမ်တိုက်လေးများရေ
သူ့ကဗျာကို ပြန်ပေးလိုက်ကြပါကွယ် .. ။

တိမ်အုပ်တွေအကြား
သေအံ့မူးမူး အဆိပ်တက်တုန်းက
သူလာကယ်ဖူးတယ် ..
ကျေးဇူးတင်စွာ ခေါင်းကိုငဲ့ဆောင်း
သူရဲကောင်းလို့ ဘာလို့မခေါ်ဖြစ်လိုက်ပါလိမ့် …။

မီးတောက်ရစ်သမ်တွေ က,ခုန်နေတဲ့
သူ့ရဲ့တစ်ပိုင်းတစ်ဆ ရာဇ၀င်မှာ
မင်နီတွေ ရဲခနဲခြစ်
နင့်ကိုငါချစ်တယ်လို့ ရွတ်ဆိုတယ် ..။

ခက်တော့လည်းခက်ပါတယ်
ချစ်သူကိုခွဲခွာတဲ့ညနဲ့
ကဗျာကျပျောက်တဲ့ည
နှိုင်းယှဉ်စ၇ာမဟုတ်တာကိုမှ
ငါကလည်း အနိုင်လိုချင်ခဲ့မိတာကိုး …။

ဝေးခဲ့ခြင်းဟာ
လွမ်းဆွတ်ခြင်းကိုဖန်ဆင်း
ရင်ထဲမှာ နေနဲ့လပြိုင်တူလင်းခဲ့ဖူးတယ်။

အန္ဓတို့ရဲ့ လမ်းအိုမှာ
ငါတစ်ယောက်တည်းဆိုတဲ့ အသိနဲ့
မိုးစက်လေးတွေငေးကြည့်ခဲ့ရတယ် ..
ဒီမိုးစက်လေးရဲ့ အေးချမ်းတဲ့အထိအတွေ့မျိုး
သူရိုးသွားမှာ ကြိုသိနှင့်သင့်တယ်လို့
ကိုယ့်ကိုယ်ကို အပြစ်တင်တုန်း
လွမ်းမောဖွယ်ရာ ဂီတာသံစဉ်တစ်စမှာ
ငါမျက်ရည်ကျဖူးတယ် ..။

ဒဏ်ရာဟောင်းနဲ့
ပြောင်းလဲဖို့ မေ့လျော့နေတဲ့ ရင်ခုန်သံတို့ကြား
ငါဟာ .. ရူးမိုက်
လှိုက်လှိုက်လှဲလှဲ လွမ်းဖြစ်ခဲ့ရဲ့ ..။

ဝေးကွာခြင်းရဲ့ အဆုံးတစ်ဖက်
ကမ္ဘာကြီးလုံးနေရက်က
ပြန်မဆုံနိုင်တာ ဘာကြောင့်များလဲ …
ဒီမေးခွန်းက ဗီးနပ်စ်လေးကို
စိတ်တိုစေဖူးတယ် ..။

တစ် ….
နှစ် …
သုံး ..
မျှော်လင့်ချက်လေးတွေ သေဆုံးသွားတယ် ..။

ဒါပါပဲ
လှပတဲ့ဆောင်းညမှာ
အစွမ်းကုန်ပွင့်အာလာပေမယ့်
ငါ့အတွက်မဟုတ်တော့မယ့်တူတူ
မယူဖြစ်ခဲ့တဲ့ ငယ်ငယ်က လက်ဆောင်ကိုသာ
အမှတ်တမဲ့ ပြန်လည်သတိယရင်း ..
ပြောပြခဲ့ချင်တယ် …
တစ်ခါတုန်းက နှင်းဆီရေ ..
နေမ၀င်ခင် လမင်းထွက်
သူတို့ယှဉ်ပြိုင်မှုအတွက်
အလင်းက တရားခံ ဖြစ်ခဲ့ရတယ် ..။
alonelyfairy

(ဧဒင်မှာ အပြန်လှန်ရေးကြတဲ့ အမှတ်တရကဗျာလေးထဲက တစ်ပုဒ်ပါးး )

2 comments:

  1. ဒီကဗျာက အရှည်ကြီးပဲနော်... ငါက၂ပုဒ်ပေါင်းရေးထားတာလားလို့  :P

    ReplyDelete
  2. အေးလေ .. နှစ်ပုဒ်ပဲလေ .. လမင်းရစ်သမ်ကို မှော်ဆရာရေးပြီး .. လမင်းရစ်သမ်ပြန်တေးကိုတော့ ငါရေးထားပေးတာ ..း)

    ReplyDelete

ခံစားသူများရဲ့ စကားလေးတစ်ခွန်းဟာ .. ကဗျာသစ်ကို မွေးဖွားစေတဲ့ အားဆေးတစ်ခွက်ပါ ..း)